အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဟူသည် ကုန်ပစ္စည်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်းနှင့် တဆင့်လွှဲပြောင်းပေးပို့ခြင်း အတွက် အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ၊ ဆိပ်ကမ်းဆိုင်ရာလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး လုပ်ငန်းသဘောသဘာဝအရ နိုင်ငံတော် အခွန်ကောက်ခံမှုစနစ်အတွက် တဖက်တလမ်းမှ ပါဝင် ဆောင်ရွက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ ထို့အပြင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အတွက်ကိုလည်း ကူညီပေးသော လုပ်ငန်းဖြစ်သည်။
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများသည်နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များကို ပိုမိုသိရှိအောင်လေ့လာလိုက်နာ ဆောင်ရွက် ရမည်ဖြစ်ပြီး..အသင်းမှထုတ်ပြန်ထားသော သက်ဆိုင်ရာ လုပ်ငန်းကျင့်ဝတ် (Code of Conducts) ကိုလည်း လိုက်နာရပေမည်။
မိမိတို့လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့်တကွ လုပ်ငန်းအပ်နှံ သူများကို တန်ဖိုးထား လေးစားရမည်ဖြစ်ပြီး အချင်းချင်း အပြန်အလှန် ယုံကြည်မှုကိုလည်း တည်ဆောက်နိုင် ရမည်ဖြစ်သည်။
ဤကျင့်ဝတ်စည်းမျဉ်းများသည် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုအခြေခံလုပ်ဆောင်မှုစံ သတ်မှတ်ချက်များဖြစ်သည်။
ဤကျင့်ဝတ်စည်းမျဉ်းများသည် မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏မူပိုင် ဖြစ်သည်။
မည်သည့်လုပ်ငန်း အဖွဲ့အစည်းတိုင်း မဆို မိမိတို့သက်ဆိုင်ရာလုပ်ငန်းကျင့်ဝတ်များ
ကိုယ်စီထားရှိကြရမည်ဖြစ်ပြီး တိကျစွာ လိုက်နာကျင့်သုံးကြရပေမည်။ ထိုသို့လိုက်နာကျင့်သုံးခြင်း အားဖြင့် လုပ်ငန်းအဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားမှုသမာဓိ (Integrity)ကို တည်ဆောက်နိုင်မည် ဖြစ်ပြီး .. အဂတိလိုက်စားမှုများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပေသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျွမ်းကျင်ကျင် (Professionally) ဆောင်ရွက်ပေးခြင်းဖြင့် အရည်သွေးမြင့်မားသော ဝန်ဆောင်မှုများ (Quality Service) ကိုပေးနိုင်ရပေမည်။ သို့မှသာ လုပ်ငန်းရေရှည်တည်တန့်မည် ဖြစ်သလို မိမိတို့လုပ်ငန်း၏ ဂုဏ်သတင်း(Reputation) သည်လည်း ကျော်ကြားလာမည် ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ ပြဌာန်းထားသော အခြေခံစည်းမျဉ်းစည်းကမ်းများကို အသင်းဝင် အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများ၊ ၎င်းတို့၏ ဝန်ထမ်းများအားလုံးသည် တလေးတစားလိုက်နာ ကျင့်သုံး ကြပါရန် အလေးအနက်ထား တိုက်တွန်းလိုက်ရပေသည်။
မင်းမောင်ဦး
ဥက္ကဌ
မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း